အမျိုးသမီးတိုင်း ပုံမှန်လုပ်ဆောင်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ
ကျန်းမာရေးကောင်းဖို့က ဆုတောင်းလို့ ရတာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ဂရုစိုက်ရတာပါလို့ ပြောရင် စောဒကတက်ချင်တာများရှိကြလား …… ကိုယ့်လူတို့။
တကယ်ကတော့ ကိုယ့်ကျန်မာရေးကို ဂရုစိုက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က ကိုယ်တိုင်ပါပဲ။ အချို့သော ရောဂါတွေက ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် ဝင်ရောက်ကပ်တွယ်နေတတ်ပြီး နှစ်ကာလအတော်ကြာတဲ့အထိ လက္ခဏာမပြဘဲ ရောဂါပြင်းထန်လာမှ သိရှိပြီး ကုသဖို့ ခက်ခဲတတ်ကြပါတယ်။
ဒီလို အခြေအနေတွေကို အများဆုံးကြုံရသူတွေက အမျိုးသမီးတွေပါ။
အမျိုးသမီးတွေ အထူးသဖြင့် အိမ်ရှင်မတွေက မိသားစုဝင်တိုင်းရဲ့ ကျန်းမာရေးကို လိုက်ဂရုစိုက်တတ်ကြပေမယ့် ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေး စစ်ဆေးဖို့ဆိုတာကတော့ ဝေးစွပါ။ တကယ်ကတော့ မိသားစုတစ်ခုမှာ မေမေတာဝန်ကို ယူထားတဲ့ အိမ်ထောင်ရှင်မတွေ ကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ ဒီတော့ လေဒီလေးတွေကို ကျန်းမာရေးဂရုစိုက်ဖို့ အရင်ဆုံး သတိပေးချင်ပါတယ်။
မမြင်ရတဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ ကျန်းမာရေး စစ်ဆေးတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတိုင်း ပုံမှန်လုပ်ဆောင်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
အမျိုးသမီးတိုင်း ပုံမှန်လုပ်ဆောင်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ
အမျိုးသမီးတိုင်း ကျန်းမာစေဖို့ ပုံမှန်လုပ်ဆောင်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေက
နှလုံးကျန်းမာရေး စစ်ဆေးမှု
နှလုံးရောဂါက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ နှလုံးကျန်းမာရေး အခြေအနေကို သိရှိနိုင်စေဖို့အတွကိ ECG (Electrocardiogram ) နဲ့စစ်ဆေးနိုင်သလို နှလုံး ဖြစ်စေနိုင်တဲ့အချက်တွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။ ဥပမာ -
- သွေးတိုးရောဂါ
- သွေးတွင်းအဆီ များနေလား
- အခြားနှလုံးထိခိုက်စေနို်ငတဲ့ လက္ခဏာတွေများ ရှိနေလား
- ကိုယ်အလေးချိန် BMI ပုံမှန်ထဲမှာ ရှိရဲ့လား။ ဆိုတာပါ။
သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု
သားအိမ်ခေါင်းကင်ဆာဟာ လေဒီလေးတွေမှာ အဖြစ်များဆုံးကင်ဆာတစ်မျိုးပါ။ အရွယ်ရောက်ပြီ ဆိုတာနဲ့ သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိကို စတင်စစ်ဆေးနိုင်ပါတယ်။ အသက် ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေဟာPap Test (သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း)ကို သုံးနှစ်တစ်ကြိမ်ခံယူသင့်ပါတယ်။
ဆီးချိုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ သွေးချိုတိုင်းစက်နဲ့ တိုင်းလို့ရသလို ဆေးခန်းမှာ HbA1C စစ်ဆေးမှုခံယူပြီး ဆရာဝန်နဲ့ ပြသလို့လည်း ရပါတယ်။
အခုလို အခြေအနေတွေ ရှိနယ်ဆိုရင် ပိုပြီး သတိထားဖို့ လိုပါမယ်။
- ကိုယ်အလေးချိန်များနေရင် (BMI ၃၀ကျော်နေရင်)
- ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးရင်
- ဆီးချိုမိသားစုမျိုးရိုးရှိရင် ပါ။
ရင်သားကင်ဆာ စစ်ဆေးခြင်း နဲ့ မမ်မိုဂရမ်စစ်ဆေးမှု
အသက် ၄၀ ကနေ ၇၅နှစ်အတွင်း အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် မမ်မိုဂရမ်စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုထဲမှာ မျိုးဥအိမ်ကင်ဆာ သို့မဟုတ် ရင်သားကင်ဆာရှိဖူးတဲ့ မျိုးရိုးရှိတယ်ဆိုရင် မမ်မိုဂရမ်စစ်ဆေးမှုကို မဖြစ်မနေ ခံယူဖို့ လိုပါမယ်။
အရိုးသိပ်သည်းဆစစ်ဆေးမှု
အမျိုးသမီးတွေက အသက်ကြီးလာရင်
အရိုးပွနိုင်ခြေ ပိုများပါတယ်။ သွေးဆုံးချိန် နဲ့ သွေးဆုံးပြီး နောက်ပိုင်းတွေမှာ အရိုးပွနိုင်ခြေက ပိုများလာနိုင်ပါတယ်။ ဒါကြောင့် အရိုးပါးတာ၊ အရိုးပွတာတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် အရိုးသိပ်သည်းဆကို စစ်ဆေးပေးဖို့ လိုပါမယ်။
ဒီလို အခြေအနေဆိုရင် အရိုးသိပ်သည်းဆကို သေချာလေး စစ်ဆေးပေးဖို့ လိုပါမယ်။
- မိသားစုဝင်တွေထဲမှာ အရိုးပွရောဂါရှိနေတာဆိုရင်
- အရမ်းပိန်နေတာ၊ အရွယ်မတိုင်မီသွေးဆုံးတာ၊ ငယ်ရွယ်စဉ်တုန်းက အချိန်အတော်ကြာရာသီထိန်ဖူးတာ၊ အသက် ၇၀ကျော်အရွယ်ရှိသူစတဲ့ အရိုးပွရောဂါဖြစ်နိုင်များစေတဲ့အချက်တွေရှိနေရင်
- ခါးကိုင်းပြီးကျောရိုးမကြီးအနေအထား မမှန်ရင်
- ချော်လဲတာလိုမျိုး အသေးစားထိခိုက်မှုတစ်ခုခုကြောင့် အရင်က အရိုးကျိုးတာ အက်တာဖြစ်ဖူးရင် အရိုးပွရောဂါရှိ၊ မရှိ သိနိုင်ဖို့ စစ်ဆေးမှုကို ခံယူသင့်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်တဲ့အနေနဲ့ အခုပြောပြခဲ့တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ပုံမှန်လေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။
ရေးသားသူ - မွန်မွန်